အုတ်တွင်းမြို့နယ်၌ မွေးမြူရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

အုတ်တွင်း ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးရေးများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က နတ်စဉ်ကုန်း‌​ကျေးရွာအုပ်စု၊ ပုဏ္ဏားစု ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင့်သူနှင့် တောင်ငူခရိုင် ဦးစီးမှူး ဒေါက်တာနေစိုးတို့မှ တိရစ္ဆာန်အစာပင် များ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးနည်းစနစ်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး၊ ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူ အသီးသီးက ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော တောင်သူများထံသို့ တာဝန် ရှိသူများက နေပီယာမြက်ပျိုးပင်များ ပေးအပ်ခဲ့ကြောင်းနှင့် အသိပညာပေး ဟောပြောပွဲသို့ နတ်စဉ်ကုန်းကျေးရွာအုပ်စု၊ ပုဏ္ဏားစုကျေးရွာမှ တောင်သူများနှင့် ကြွယ်ဂံ‌ကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာမှ တောင်သူများက ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ တက်ရောက် ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)