ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပေါက်  စက်တင်ဘာ  ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၄နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ   ပေါက်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း ၊မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လတ်တလော အခြေအနေအရ ကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများ  မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများ၏ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေစေရန်ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)