ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပ

မော်လမြိုင် စက်တင်ဘာ ၁

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) နောက်ဆုံးနေ့ကို ယနေ့ နံနက်(၁၀)နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ အောင်မြင်စွာကျင်းပခဲ့သည်။

အစည်းအဝေး (ဆဋ္ဌမနေ့) နောက်ဆုံးနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်းသုံးခုကို မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။ မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်(၂၈)ခု မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ ကြယ်ပွင့်ပြ မေးခွန်း(၂)ခုအား မွန်ပြည်နယ်လွှတ်တော်မှပြင်ဆင်ပြီး ကြယ်ပွင့်မပြမေးခွန်းအဖြစ် အစိုးရအဖွဲ့သို့ပေးပို့ခြင်း၊ ရေးရာကော်မတီတစ်ခုပြင်ဆင်ဖွဲ့စည်းခြင်း၊ မွန် ပြည်နယ်အစိုးရအဖွဲ့၏ အစီရင်ခံစာနှင့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာနှစ်ခုအား မှတ်တမ်းတင်ခြင်း၊ ရေးရာကော်မတီ(၃)ခု၏ ဆောင်ရွက်ချက်အစီရင်ခံစာ(၃)ခုအား မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်း(၂)ခုအား အတည်ပြုခြင်း ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမ အကြိမ်မှ (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ မေးခွန်းပေါင်း(၅၆၅)ခု အနက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ အာမခံချက်နှင့်ကတိများ၊ တာဝန်ခံချက်များ၊ ဆောင်ရွက်ပြီးစီးမှု များကို စိစစ်ရေး ကော်မတီ၏ စိစစ် တင်ပြချက်အရ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် (၆၅.၆၉)%၊ မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ဝန်ကြီးဌာနအလိုက် (၁၀၀)%၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန (၆၂)%၊ စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန(၆၇.၃၅)%၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန(၇၇.၇၈)%၊ လျှပ်စစ်စွမ်းအင်နှင့်  စက်မှုဝန်ကြီး ဌာန (၈၇.၅၀)%၊ လူမှုရေးဝန်ကြီးဌာန (၆၇.၁၂)%၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန (၉၀.၉၁) %၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန(၇၇.၈၇)%၊ စည်ပင် သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန (၅၆.၆၂)%၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဖြေဆို သော မေးခွန်းတစ်ခု (၁၀၀)%၊ ဆောင်ရွက်ပြီးစီးကြောင်း အနှစ်ချုပ်တင်ပြပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းဝေးကိုအောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)