ဖျာပုံ စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် Campaign မန်နေဂျာများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များအား ရှင်းလင်း ပြောကြားခြင်းနှင့် အသိအမှတ်ပြု လည်ဆွဲကတ်များ ထုတ်ပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်(၉) နာရီအချိန်က စတင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးဇော်လင်းဦးက ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် တို့ကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးက ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မိမိတို့ဌာနမှ ထုတ်ပြန်ချက်များအား သိရှိလိုက်နာရန်တို့ကိုလည်းကောင်း၊ စည်ပင်သာယာရေးကော်မတီမှ အလုပ်အမှုဆောင်အရာရှိ ဦးခင်ဇော်ဝင်းက မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဗီနိုင်းပိုစတာများ စိုက်ထူရာတွင် သိသင့်သည်များကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ၂၃(ဂ)နှင့်(ဃ)တို့ကို လည်းကောင်း၊ စာရင်းစစ်ရုံးမှ ခရိုင်မှူး ဒေါ်သီတာက ရွေးကောက်ပွဲကုန်ကျစရိတ်များ ရှင်းလင်းရန် ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၇၃ တို့ကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ဃampaign မန်နေဂျာများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။
ထိုနောက် ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၇၃)ဦးနှင့် Campaign မန်နေဂျာ(၃၁)ဦးထံ အသိအမှတ်ပြု လည်ဆွဲကတ်များ ထုတ်ပေးခဲ့ကြောင်း ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရှိရသည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)