ဆော စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုလုပ်သည့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဆောမြို့ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှု ဝန်ထမ်းရုံး Case manager ဒေါ်ဟေသီဦးက ဒေသတွင်း ကလေးသူငယ်များ၏ အခွင့်အရေးများ မဆုံးရှုံးစေရေး အတွက် ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက ကလေးသူငယ် ဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေး၊ အကောင်းဆုံး အကျိုး စီးပွားကို ဆောင်ရွက်ပေးနိုင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)