ပွင့်ဖြူ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများ သီးနှံစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုစေရန် ၊ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေရန်နှင့် လယ်ယာမြေစိုက်ခင်းများ ရေကြီးရေလျှံမှု ကင်းဝေးစေရန် ရည်ရွယ်ကာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျားပေ ၁၄၀၀ မလိုရေဆိုးထုတ်မြောင်း ပြန်လည်ပြုပြင်ခြင်းနှင့် ဘေး(ဝဲ၊ယာ)မြောင်းပေါင်နှစ်ဖက် ပြန်ဖော်၍ မြေနီကျောက်စရစ် ကုန်ထုတ်လမ်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အလျားပေ ၁၄၀၀ မလိုရေဆိုးထုတ်မြောင်း ပြန်လည် ပြုပြင်ခြင်းနှင့် ဘေး(ဝဲ၊ယာ)မြောင်းပေါင်နှစ်ဖက် ပြန်ဖော်၍ မြေနီကျောက်စရစ်ကုန်ထုတ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၇၁ ဒသမ ၃၅ သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က စက်ယန္တရား များ အသုံးပြု၍ ဩဂုတ်လ ၁၅ ရက်နေ့က စတင်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် လုပ်ငန်းပြီးစီးမှု ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ များ အနေဖြင့် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ခြင်း ၊ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ခြင်းနှင့် လယ်ယာ သီးနှံစိုက်ခင်း များတွင် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေခြင်း ၊ စိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အထောက်အကူပြုပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )