ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မျိုးစေ့ထုတ်မိုးစပါး (၈၂၅) ဧက စိုက်ပျိုးပြီးစီး

ခင်ဦး စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ် မိုးစပါး (၁၁၅၀) ဧကကို စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လ ၃၁ ရက်နေ့ထိ (၈၂၅) ဧက စိုက်ပျိုး ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

မျိုးစေ့ထုတ်တဲ့အခါမှာ အဓိကအကျဆုံးကတော့ မျိုးသန့်ခြံများမှ ထုတ်လုပ်တဲ့ မျိုးသန့်မျိုးပွား စေ့ကို စိုက်ပျိုးရပြီး စိုက်စနစ်ဆိုရင် (၆) တန်း (၁) တန်း လှပ်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ ပေါင်းနှုတ်တာ၊ မျိုးကွဲ ပယ်တာ၊ ရိတ်သိမ်း၊ ခြွေလှေ့သန့်စင်ခြင်း လုပ်ငန်းတွေကို စိုက်ပျိုးရေး ဦးစီးဌာနက ဝန်ထမ်းများရဲ့ အနီးကပ် ကြီးကြပ်မှုဖြင့် စနစ်တကျ ဆောင်ရွက်တာ ဖြစ်ကြောင်း၊ ယခင်နှစ်က (၄) ဧက စိုက်ပျိုးပြီး ထွက်လာတဲ့ မျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ အကူအညီ ဖြင့် အထက်မြန်မာပြည် မျိုးစေ့ဓာတ်ခွဲခန်းသို့ပို့ပြီး အောင်လက်မှတ်လည်းရရှိခဲ့ပြီး အဲဒီမျိုးစေ့ တွေကို တောင်သူ တွေလက်ဝယ် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့သစ်ကျေးရွာမှ မျိုးသန့်မျိုးစေ့ ထုတ်လုပ်သူများအသင်း(SGA) အဖွဲ့ဝင် တောင်သူ ဦးဝင်းမြင့် ကပြောသည်။

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ်ရန်အတွက် ကျေးရွာပေါင်း (၂၉) ရွာ၊ တောင်သူပေါင်း (၁၆၇) ဦးမှ စိုက်ဧက (၁၁၅၀) ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)