သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ချက်များ လှည့်လည်နှိုးဆော်

သာယာဝတီ မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် (Omicron)ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရှိ ရပ်ကွက် (၄) ရပ်ကွက်၌ လှည့်လည်၍  (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အသိပေးနိုးဆော်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်းစည်း တပ်ဆင်ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ နေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့မထွက်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင်လေထွက် ကောင်းသောနေရာများတွင် နေထိုင်ရန်၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံကြရန်၊ သတ်မှတ်ထားသောနေရာများတွင် စနစ်တကျ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်သည် ယခုအခါ ပြန်ကူးစက်ပြန့်ပွားမှု များလာခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသကြရန် အသိပညာ ပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သန့်ဇော် (သာယာဝတီ)