ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၇)သောင်း ငါးမျိုးစိုက်ထည့်

ကျုံပျော် မတ် ၃၀

ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ် မြေးဆက်ငါးရိက္ခာ ဖူလုံစွာစားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒါကချောင်း သဘာဝရေပြင် အင်းချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၇)သောင်းအား မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူးတို့ဆိပ်‌ရေပြင်၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင် (၂) ဦးရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းအောင်မော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊  ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ ရေလုပ်သားများ တက်ရောက်ခဲ့ပြီး ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၇၀၀၀၀)ကို ဒါးကချောင်းအတွင်းသို့ စုပေါင်းကာ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ကျုံပျော်မြို့နယ်တွင် လက်ရှိ ဂရံအင်း‌ပေါင်း (၃၀)ဖြင့် ငါးထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကာ  သဘာဝရေပြင်၊ အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိကာ၊ ငါးမျိုးမပြုန်းတီးရေးနှင့် ငါးသယံဇာတ တိုးပွားရေးတို့အတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)