ဒေသဖရဲသီးကို သီးညှပ်စိုက်ပျိုးတောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ဆိပ်ဖြူ မတ် ၂၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဒေသဖရဲသီးအား သီးညှပ်စိုက်ပျိုးခဲ့သည့်တောင်သူများ ဖရဲစေ့ရောင်းချရခြင်းအတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ တောင်သူများသည်ယာမြေများတွင် မိုးတွင်းကာလ ပဲမျိုးစုံစိုက်ခင်းများ၌ ယခင်ကတည်းက ဒေသဖရဲသီးကို သီးညှပ်ထည့်စိုက်ပျိုးခြင်း ဆောင်ရွက်ကြပြီး၊ ဆောင်တွင်းကာလတွင် ခူးဆွတ်၍ နွားစာအစို ရှားပါးသည့်နွေကာလတွင် အိမ်မွေး တိရိစ္ဆာန် ကျွဲနွားများကို ပဲမှော်၊ ပြောင်းရိုးတို့ဖွင့်ရော၍ ခုတ်စင်ကျွေးမွေးကြပြီး၊ ဖရဲစေ့များကို နောင်နှစ်မိုးသီးညှပ်အတွက် သီးညှပ်စိုက်ပျိုးရန် သိမ်းဆည်းထားခဲ့ရကြောင်း၊ ယခုအခါ ဒေသဖရဲသီး စိုက်ပျိုးရာမှ ထွက်ရှိလာသော ဖရဲစေ့များကို ပြည်ပ ထုတ်ကုန်အဖြစ် ဝယ်ယူမှုရှိလာသည့်အတွက် ဒေသဖရဲသီးစိုက်တောင်သူများမိသားစု အပိုဝင်ငွေရရှိခဲ့ပြီး ယခင်နှစ်က တစ်တင်းလျှင် သုံးသောင်းခွဲကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိဖရဲစေ့တစ်တင်းလျှင် နှစ်သောင်းကျပ်ရှိပြီး၊ မိမိယာမှ ဖရဲစေ့ (၁၀) တင်းခန့် ထွက်ရှိခဲ့သည့်အတွက် ယခုနှစ်ဖရဲစေ့မှရောင်းရငွေ နှစ်သိန်းကျပ်အပိုဝင်ငွေ ရှိခဲ့ကြောင်း၊ ဖရဲစေ့ကို အလှကုန်ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုလာသည့်အတွက် ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချလာရကြောင်း ဖရဲစိုက်ပျိုးသူများနှင့် အရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။

စိုးလင်းနိုင်(IPRD)