ကျိုက်လတ် မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနက ၂၀၂၂-ခုနှစ် နွေရာသီ အခြေခံ အားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီ ခန့်က အမှတ်(၄)ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျကအဖွင့်အမှာစကားပြောကြားပြီး သင်တန်းအထောက်အကူပြု အားကစားပစ္စည်းများကိုပေးအပ်ခဲ့ရာ မြို့နယ်အားကစားနှင့်ကာယ ပညာ ဦးစီးဌာန နည်းစနစ်မှူး ဦးကျော်နိုင်က လက်ခံရယူခဲ့သည်။ ဆက်လက်၍ နည်းစနစ်မှူးက သင်တန်းနည်းပြဆရာများအား နည်းပြအင်္ကျီများပေးအပ်ခဲ့ရာ သင်တန်းနည်းပြများက လက်ခံယူခဲ့ကြသည်။ထို့နောက်မြို့နယ်လက်ရွေးစင် ရိုးရာခြင်း အဖွဲ့ကခြင်းလုံးခတ် သရုပ်ပြခဲ့ကြသည်။ ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစား သင်တန်း များအဖြစ် ဘော်လီဘော၊ ဘောလုံး ၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံးခတ် နှင့် မြန်မာ့သိုင်းများ ကို ရွှေဧရာအောင် အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်း တို့တွင်ယမန်နေ့ကစ၍ သင်ကြားပေးလျက်ရှိရာ သင်တန်းသား (၂၀၀)ဦးခန့်တက်ရောက်ကြပြီးသင်တန်းကာလမှာ မတ် (၂၆) ရက်နေ့မှ ဧပြီ(၆)ရက် နေ့အထိ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားများကိုလည်း သင်တန်း အမှတ်တရ အဖြစ် အင်္ကျီလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့်