ကန့်ဘလူ မတ် ၂၇
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ စာစစ်ဌာနကျောင်းများကို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြပ်မတ် စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းမင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း အဖွဲ့သည် အထက(၁) ကန့်ဘလူနှင့် အထက(၂) ကန့်ဘလူ စာစစ်ဌာနများတွင် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ လုံလောက်စွာ ထားရှိမှု၊ စာဖြေခန်းများတွင် လျှပ်စစ်မီးကြိုးသွယ်တန်းမှု၊ မီးခလုတ်နှင့် လျှပ်စစ်သုံးပစ္စည်းများ စနစ်တကျတပ်ဆင်မှု၊ မီးသတ်ရေကန်၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲ ထားရှိမှုတို့ကို စစ်ဆေးပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများအား လိုအပ်ချက်များ အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)