ပေါက်ခေါင်း မတ် ၂၅
ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေများအလိုက် အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော စက်တုံးကျေးရွာမြေသား ရေလှောင်ကန်ဆောင်ရွက်ပြီးစီး၍ ဖွင့်ပွဲအခမ်းအနား ကိုယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာမြေသားရေကန်ရှေ့တွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကိုကိုနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးမြင့်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါ မြေသားရေလှောင်ကန်တူးဖော်ပြီးစီးသဖြင့် မိုးတွင်းအခါ မိုးရေများသိုလှောင်ထားရှိပြီး နွေရာသီ ရေရှားပါးသည့်အခါတွင် လည်းကောင်းရေကန်မှရေများကို လူနှင့်တိရိစ္ဆာန်များသောက်သုံးရေအတွက် အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ပြည်သူများ၏သောက်သုံးရေရရှိရေး လုပ်ငန်းများအဖြစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေတို့ဖြင့် စက်ရေတွင်းတူးဖော်ပေးခြင်း၊ မြေသားရေလှောင်ကန်တူးဖော်ပေးခြင်းနှင့် မွမ်းမံရန်ပုံငွေများဖြင့် မြေသားရေကန်တိုးချဲ့ပြုပြင်ပေးခြင်းတို့ကို သက်ဆိုင်ရာခွင့်ပြုရန်ပုံငွေများအလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)