မြို့သစ် မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် အရှုံးပေါ်ပြီး အခက်ကြုံနေကြကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။
"ခရမ်းချဉ်သီးက မီးဖိုချောင်သုံး စားစရာရောင်းကုန်အဖြစ်နဲ့ အဓိက ရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၁၀၀၀/၁၂၀၀ ဈေးကနေ တဖြည်းဖြည်းတက်လာကာ တစ်ပိဿာ၂၅၀၀ကျပ် ဈေးအထိမြင့်တက် လာခဲ့တာကြောင့် ခရမ်းချဉ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခုဆောင်းအကုန် နွေအကူး နွေခရမ်းချဉ်သီးများ ပေါ်ချိန်မှာ ယခင်နှစ်က ဈေးအတိုင်း လက်လီဈေး တစ်ပိ ဿာ ၁၅၀/၂၀၀ကျပ်အထိ ဈေးကျသွားတဲ့အတွက် ခရမ်းချဉ်စိုက်ပျိုးကြတဲ့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန်ကြိုးစား ရောင်းချနေကြရပါတယ်" ဟု ခရမ်းချဉ်စိုက်တောင်သူ တစဦးကပြောသည်။
မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက် မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်၊ နွေခရမ်းချဉ်ဟူ၍ အမျိုးမျိုး စိုက်ပျိုးကြပြီး ယခုမြို့သစ်မြို့ ခရမ်းချဉ်သီး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၁၅၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၂၅၀/၃၀၀ကျပ် ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
"ဒီနှစ်နွေရာသီ အခြားဟင်းသီးဟင်းရွက် ဈေးတွေ ဈေးအကုန်ပြန်တက်ခဲ့ပေမဲ့ ခရမ်းချဉ်သီးတစ်မျိုးတည်းသာ ကျပ်၂၅၀၀ဝန်းကျင်ကနေ ၂၅၀/၃၀၀ကျပ်ဈေးအထိ ကျသွား ခဲ့တာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေးကတန့်နေတော့ ဈေးတက်လာမလား၊ ဈေးပြန်ကျသွားမလား စိုးတထိတ်ထိတ် ဖြစ်နေတာပေါ့" ဟု မြို့သစ်မြို့နယ် ကျေးရွာများမှ စိုက်ခင်းပိုင်ရှင် တစဦးကဆိုပြန်သည်။
နွေရာသီမှာ အပူရှိန်ပြင်းလို့ အပင်ဖြစ်ထွန်းမှု နည်းသလို ပိုးမွှားကျရောက်မှုလည်း နည်းပါးပြီး၊ မိုးတွင်းကာလမှာတော့ အပင်ငယ်ငယ်အချိန်မှာ မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့ အခါမှာလည်း ရွက်လိပ်ပိုးနှင့် မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြု စိုက်ပျိုးရပြီး ဝါနေသော အရွက်များနဲ့ လိပ်နေသော အရွက်များကို လှီးဖြတ် ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)