ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ကျောက်ဖြူ မတ်  ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များရှိ ပင်လယ်ကမ်းခြေနှင့်နီးကပ်သည့် ရပ်ကွက်များနှင့် လူသွားလူလာများသည့် လမ်းဆုံ၊လမ်းခွနေရာများသို့ သွားရောက်ကာ  လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

အသိပေးနှိုးဆော်ရာတွင် ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် မုန်တိုင်းငယ်(Deep Depression) သည် လက်ရှိအခြေအနေမှာ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း၊ ဂွမြို့အနီးမှဆက်လက်‌‌ရွေ့လျား လျက်ရှိသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်း ဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ၀န်ထမ်းများ ပူးပေါင်း၍ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း