ကျောက်တံခါးမြို့နယ်တွင် အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်

ကျောက်တံခါး မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအဖွဲ့ (Youth Club) တို့ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အမျိုးသမီးငယ်များ အနေဖြင့် မိမိတို့ ရပ်ရွာအတွင်းပြုလုပ်သည့် အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အစီအစဉ်တကျ ဦးဆောင်ကျင်းပ နိုင်စေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းကိုဖွင့်လှစ် ပို့ချခဲ့သည်။

အဆိုပါ သင်တန်းကို Youth Club အဖွဲ့ဝင် အမျိုးသမီးငယ် ၁၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်းများ၊ ဝတ်စားဆင်ယင်ပုံ၊ အသံပိုင်းဆိုင်ရာနှင့် အခမ်းအနားမှူး တစ်ယောက် ကျွမ်းကျင်တတ်မြောက်ရမည့်အချက်တို့ကို တစ်ရက်ကြာရက်တို သင်ကြားပို့ချခဲ့ကြောင်း သိရ သည်။

စန်းစန်း(ပြန်/ဆက်)