သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ယာယီခိုလှုံနိုင်ရန် ဆောင်ရွက်ထားသည့် ကယ်ဆယ်ရေးစခန်းများအတွက် စားနပ်ရိက္ခာများလှူဒါန်း

ချောင်းသာ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ လတ်တစ်လောဖြစ်ပေါ်နေသည့် မုန်တိုင်း ငယ်ကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ယာယီခိုလှုံနိုင်ရန် ဆောင်ရွက်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ ယနေ့ နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့သည်။

ချောင်းသာမြို့တွင် သဘာဝဘေးရှောင် ယာယီကယ်ဆယ်ရေးစခန်းများကို ဒေါနတောင် ဘုန်းတော်ကြီးကျောင်း၊ စကားဝါတောင် ဘုန်းတော်ကြီးကျောင်း၊ ရန်ကင်းဘုန်းတော်ကြီးကျောင်းနှင့် မြို့ဦး ဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်လှစ်ထားပြီးစုစုပေါင်း လူဦးရေ ၈၀၀၀ ကျော် ခိုလှုံနိုင်ကြောင်း သိရသည်။

အဆိုပါ ယာယီသဘာဝ ဘေးရှာင်စခန်းများတွင် အသုံးပြုရန်အတွက် စခန်းတစ်ခုလျှင် ဆန်(၁)အိတ်၊  ရေသန့်(၁၀)ကတ်နှင့် ကြက်ဥ(၆၀)လုံးတို့ကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသည့် ကျောင်းတိုက် (၄) တိုက်ရှိ ကျောင်းထိုင်ဆရာတော်ကြီးများထံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် အဖွဲ့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)