မော်လမြိုင် မတ် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သည့် ဌာနဆိုင်များနှင့် တာဝန်ရှိသူများ ကို အထူးကျေးဇူးတင်ရှိကြောင်း၊ ထို့အပြင် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကော်မတီအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ရာတွင် ကဏ္ဏအလိုက် ဆောင်ရွက်မှုများတွင် အားနည်းချက်များအနည်းငယ်ရှိပြီး အားသာချက်များစွာကို တွေ့ရှိရ ကြောင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အခမ်းအနားများတွင်လည်း ယခုကဲ့သို့ အလေးထား၍ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်း၀န်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြခန်းခင်းကျင်း ဆောင်ရွက်ကြသည့် ဌာနအဖွဲ့အစည်းများက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ် မတ်လ ၁၉ ရက်နေ့တွင် ကျင်းပလျက်ရှိပြီး ယခု ၂၀၂၂ ခုနှစ်(၄၈)နှစ်မြောက်မွန်ပြည်နယ်နေ့ အခမ်းအနားကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ များကို အစဉ်တစိုက် ထိန်းသိမ်းလာခဲ့ကြောင်း၊ အစဉ်အလာကြီးမားသည့် မွန်တိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ဝင်ရောက်နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများဖြစ်ကြောင်း၊ တိုင်းရင်းသားများအားလုံး ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်မှုရှိစေရေးအတွက်လည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်