ပွင့်ဖြူ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် မကျီးရုံ ကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပ သွားလာခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးရှိသော နေရာများ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ အပြင်မှ ပြန်လာသည့် အခါတိုင်း လက်ကို စနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါ နေထိုင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြီး ဆေးကုသမှုခံယူရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက် များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးပါက သတ်မှတ် ဆေးထိုးစုရပ်များသို့ မပျက်မကွက် သွားရောက်ထိုးနှံကြရန် စသည့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာများကို အသံချဲ့စက် ယာဉ်ဖြင့် ကျေးရွာတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာများအရောက် စဉ်ဆက်မပြတ် ကွင်းဆင်းနှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာနယ်မြေအလိုက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကလည်း နေ့စဉ်အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )