ဆင်ပေါင်ဝဲမြို့၌ မြို့ရေပေးရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မီနီဘတ်ဂျက်ဖြင့် ဆောင်ရွက်နေသည့် မြို့ရေပေးရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး အထွေထွေပိုလျှံ ရန်ပုံငွေ(၃၂.၀၀)ကျပ်သန်းဖြင့် ဆောင်ရွက်နေသည့် မြို့ရေပေးရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖြစ်သည့်(၄၀'×၂၀'×၁၀') အကျယ်အဝန်းရှိ ရေဂါလံ ၅၀၀၀၀ဆံ့ ရေစုကန်အသစ် ဆောက်လုပ်ခြင်းနှင့် ရေပိုက်လိုင်းများ သွယ်တန်းတပ်ဆင်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အချန်မီပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

အဆိုပါ ရေစုကန်ဆောက်လုပ်ပြီးစီးပါက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ လူဦးရေ ၅၀၀၀ ကျော်အား သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)