ကျောက်တံခါး မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြည်သူများ ဗဟုသုတရရှိနိုင်စေရန်အတွက် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့က ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် ရေများခန်းခြောက်လာသည့်အတွက် လျှပ်စစ်ဓာတ်အားများလုံလောက်စွာ အသုံးပြုနိုင်ရန် အိမ်သုံးမီးများ ဖြစ်သည့် ဧည့်ခန်း၊ ရေချိုးခန်း၊ အိပ်ခန်း၊ မီးဖိုချောင်မီးများနှင့်ပန်ကာ၊ လေအေးပေးစက်များမလိုအပ်ဘဲ ဖွင့်မထားရန်၊ မီးအားသက်သာစေရန်LEDမီးချောင်း၊မီးသီးများ လဲလှယ်တပ်ဆင် အသုံးပြုရန်၊ နေအိမ်မှပြင်ပ သို့သွားလာမည်ဆိုပါကပင်မခလုတ် (Main Switch)ကိုပိတ်ခဲ့ရန်၊ အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို ဆော့ကက်များ ဖြုတ်ထားရန်၊ နေအိမ်၊ ရုံးခန်းများတွင် သုံးစွဲဝန်အားနှင့်ကိုက်ညီသော လျှပ်စစ်ဝါယာကြိုး၊ လိုင်းဖြတ်ခလုတ်များကိုသာ တပ်ဆင်အသုံးပြုရန်၊ ရေစိုနေသောလက်ဖြင့် ခလုတ်များ ပိတ်ခြင်း/ဖွင့်ခြင်း၊ Socketနှင့် Plug များဖြုတ်ခြင်း/တပ်ခြင်းတို့လုံးဝမပြုလုပ်ရန်စသည့် လျှပ်စစ်နှင့် ပတ်သက်သောအကြောင်းအရာများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)