ဝါးခယ်မမြို့နယ်တွင် မုန်တိုင်းသတိ‌ပေးချက်များအား ပြည်သူများသိရှိ‌စေရန် လှည့်လည်နှိုးဆော်

ဝါးခယ်မ မတ်၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ယ‌နေ့မြန်မာစံတော်ချိန် (၀၇:၀၀)နာရီက ထုတ်ပြန်ထားသော မုန်တိုင်းသတိပေးချက်များကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူစည်ကားရာနေရာများ လမ်းဆုံလမ်းခွများ၊ ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ယင်းမုန်တိုင်းသတိပေးချက်များတွင် ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဂပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၇၀)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၀၅)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင် (၃၇၅)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၃၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း (Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက် ရေမိုင် (၁၅၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ အရှေ့ဘက်ရေမိုင် (၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနှင့် လေတိုက်ခတ်နှုန်း၊ နောက်(၂၄)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဆင့်မှ (၃၆)နာရီတွင် ဆိုင်းကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိမည်ဟု ခန်းမှန်းချက်များ၊ မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်သည့်မြို့များ၊ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်နိုင်သည့် မြို့များနှင့် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် ရေပြင်/ မြေပြင်လေတိုက်နှုန်းများကို အများပြည်သူများ သိရှိနိုင်ရန်နှင့် မုန်တိုင်းမဝင်‌ရောက်မှီနှင့် မုန်တိုင်းဖြတ်ကျော်နေစဉ် ကြိုတင်ပြင်ဆင်ရမည့် သတိပေးချက်များကို လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)