အိမ်မဲ မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များလိုက်လံဖြန့်ဝေပြီး Hand Speaker ဖြင့် လိုက်လံကြေညာခြင်းကို မတ်လ ၂၁ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကြေညာရာတွင် မုန်တိုင်းငယ် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံသို့ ဦးတည် ရွေ့လျားမည်ဖြစ်၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဂရုပြု နေထိုင်ရန် လိုအပ်ကြောင်း၊ မုန်တိုင်းငယ်သည် (၂၄)နာရီအတွင်းအား ကောင်းလာပြီး (၃၆)နာရီတွင် ဆိုင်ကလုန်းအဖြစ်သို့ ပြောင်းလဲလာနိုင်သည့်ဟု ခန့်မှန်းရကြောင်း၊ ရိတ်သိမ်းပြီးသော ကောက်ပဲ သီးနှံများ လုံခြုံစွာထုတ်ပိုးထားရန်၊ မြစ်ချောင်းများအနီး နေထိုင်သူများ ဂရုပြုနေထိုင်သွားရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းသတိပေးချက်များအား ဂရုပြုလိုက်နာရန်နှင့် ကောလဟာလသတင်းများအား မယုံကြည်ကြရန် အသိပေးကြေညာခဲ့ပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန်ဝေ ခဲ့ကြောင်း သိရသည်။
"အိမ်မဲမြို့နယ်မှာ ကျေးရွာအသီးသီးကနေ မြို့ပေါ်ကို လိုင်းဆွဲတဲ့သင်္ဘောများကို မုန်တိုင်း အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မတ်လ ၂၂ ရက်နေ့ကနေ စတင်ပြီး လိုင်းမထွက်ကြဖို့ မှာကြားထားပါတယ် တိုင်းကနေလည်း ညွှန်ကြားထားပါတယ်လို့" မြို့နယ် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ကိုဇော်မြတ်မိုး ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)