ကျိုက်လတ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနသည် တပ်ဖွဲ့ဝင်များဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်နိုင်ရန် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်သဘာဝဘေးအန္တရာယ် ကျရောက်လာပါက လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်တည်းခိုနိုင်ရန် ရွက်ဖျင်တဲထိုးမှု လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည့်အပြင် ပြည်သူများအား ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များဖြစ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ ငလျင်ဘေး ကျရောက်ပါက အချိန်မီ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင်လည်း တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိခြင်းဖြင့် ကြိုတင်ပြင်ဆင် စီမံထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇေယျာမင်း၏ ပြောကြားချက်အရ သိရသည်။
ရီရီမြင့်(ပြန်/ဆက်)