ဒေးဒရဲမြို့နယ်၌ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နှိုးဆော်ခြင်းများ ဆောင်ရွက်

ဒေးဒရဲ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ဘသာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရန်နှင့် ကြုံတွေလာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား လိုက်လံနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်စရစ်ကျေးရွာနှင့် အစဲကလေးကျေးရွာများသို့ အရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးက သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားဆဲနှင့် ဖြစ်ပွားပြီးပါက လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးအန္တရာယ် သတင်းများအား သိရှိစေရေး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာ့အသံ(ရေဒီယို)နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့မှ အချိန်နှင့်တပြေးညီ သတိပေးထုတ်ပြန်ချက်များအား ကြည့်ရှုနားထောင်ကြစေရေး၊ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျေးရွာအတွင်းရှိ ပြည်သူများ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး Hand Speaker များဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

‌ရွှေဒေးသူ(ပြန်/ဆက်)