မြောင်းမြမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

မြောင်းမြ မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ရာတွင် မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများ၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် Hand Speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး (ပြန်/ဆက်)