တောင်တွင်းကြီး မတ် ၂၁
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဂုဏ်ဆောင်ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၁၉၂ပြည့် ဗုဒ္ဓပူဇနိယ (တပေါင်း)ပွဲတော်ကြီးကို ၁၃၈၃ခုနှစ် တပေါင်းလပြည့်ကျော် ၅ ရက်နေ့မှ တန်ခူးလဆန်း ၈ရက်နေ့အထိ(၁၉) ရက်တိုင်တိုင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စေတီတော်ကြီးရဲ့ သြဝါဒစရိယဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ စျေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ကြည့်ချင်ပွဲများ မပါဝင်ဘဲ၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇော်ပွဲဖြင့်သာ (အကျဉ်းချုံး) ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တပေါင်းလပြည့်ကျော်၅ရက်၊ ယနေ့ နံနက်စောအာရုံတက်ချိန်တွင် စေတီတော်ကြီးကို ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ခဲ့ပြီး ပွဲတော်အဖွင့်အကြို သံဃာတော်အရှင်သူမြတ်တို့မှ မဟာပဌာန်းဒေသနာ တော်မြတ်ကြီးကို ယနေ့မှစတင်၍ အသံမစဲရွတ်ဖတ်ပူဇော် ခဲ့ကြကာ (၁၉)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး တပေါင်းလပြည့်ကျော် ၈ရက်နေ့ နံနက်၈နာရီအချိန်တွင် (၁၁၉၂)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် မြို့ပေါ်ကျောင်းတိုက် ပေါင်း၅၇တိုက်မှ ဝါဆိုသံဃာတော်အပါး(၃၀၀)ကျော်တို့အား ဆွမ်းသပိတ်စသည့် လှူဖွယ်ပစ္စည်းများဖြင့်လောင်းလှူခြင်း၊ တပေါင်းလပြည့်ကျော် ၈ရက်နေ့မှ တန်ခူးလဆန်း ၈ရက်နေ့အထိ (၁၆) ရက်တိုင်တိုင် မြို့သူမြို့သား နယ်သူနယ်သား အများပြည်သူများ ရောဂါခပ်သိမ်း ကင်းငြိမ်းစေရန် ရည်စိတ်သန်၍ ရပ်ကွက်အသီးသီးရှိ ဝတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း ပရိတ်တော်များ၊ ပဌာန်းဒေသနာ တော်စသည့် ဓမ္မဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ တန်ခူးလဆန်း၈ရက်နေ့ နံနက်တွင် ၁၁၉၂ နှစ်ပြည့် ဗုဒ္ဓပူဇနိယ (တပေါင်းလ) ပွဲတော်သိမ်း အောင်ပွဲအဖြစ် မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်း လောင်းလှူခြင်း စသည်တို့ဖြင့် ကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။
စေတနာဖြူစင် သဒ္ဓါကြည်လင်ကြသည့် ကုသိုလ်ရှင်များအနေဖြင့် မဟာပဌာန်းဒေသနာတော်မြတ်ကြီးအား ကြီးကြပ်ရွတ်ဖတ် ပူဇော်ကြမည့် ပဌာနနာယကသံဃာတော် အရှင်သူမြတ်တို့အား ဓမ္မပူဇာတရားတော်အလှူငွေ တစ်ပါးလျှင် ငွေကျပ်သုံးသောင်းဖြင့်သော်လည်းကောင်း ပဌာန်းကန်တော့ပွဲများ တစ်ပွဲလျှင် ငွေကျပ်ငါးထောင်ဖြင့် သော်လည်းကောင်း အသံမစဲမဟာ ပဌာန်းဒေသနာတော်မြတ်ကြီး ရွတ်ဖတ်ပူဇော်မှု နဝကမ္မအလှူတော်ငွေများနှင့်ဆွမ်းဟင်းပါ ဆွမ်းသပိတ် လှူဖွယ်ပစ္စည်းများကို လောင်းလှူခြင်းဖြင့်လည်းကောင်း ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ပါကြောင်း စေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အသိပေး ကြေညာထားကြောင်းသိရသည်။
နိုင်ဝင်း