ဆင်ပေါင်ဝဲမြို့နယ်၌ ကာကွယ်ဆေး မထိုးရသေးသည့် ဒေသခံပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ထိုးနှံပေး

ဆင်ပေါင်ဝဲ မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြို့ဝင်ဂိတ်နှင့်မော်တော်ဆိပ်ကမ်းများရှိ ခရီးသွားလာ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ဆေးထိုးလက်မှတ်များ ပါရှိမှု ရှိ/မရှိနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကာကွယ်ဆေးများ မထိုးနှံရသေးသော ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ထိုးနှံပေးလျက် ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး အပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက်လက် ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)