ဆိပ်ဖြူ မတ် ၂၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးတောင်သူများ ကုလားပဲ ထွက်နှုန်း သင့်တင့်မှုရှိပြီး ယခင်နှစ်ထက်ကုလားပဲရရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲကို ဒီဇင်ဘာလအတွင်း လယ်မြေနှင့် ကိုင်းစိုက်ပျိုးမြေ များတွင်ထွန်ယက်၍ အစေ့ချ စိုက်ပျိုးကြပြီး မတ်လဆန်းပိုင်းမှစတင် ကာရိတ်သိမ်းရကြောင်း၊ ကုလားပဲစိုက်ပျိုးခြင်းကို သွင်းအားစုကုန်ကျမှုနည်းပြီး စိုက်ပျိုး ရေသုံးစွဲမှုမပြုလုပ်ရဘဲ မိုးစပါး ရိတ်သိမ်းအပြီး လယ်မြေများတွင် သီးထပ်သီးနှံအဖြစ် အစေ့ချ စိုက်ပျိုးကြောင်း၊ မိုးစပါးရိတ် သိမ်းပြီး မြေအစိုဓာတ်ဖြင့် အပင်ပေါက်အားကောင်းပြီး အသီးထွက်နှုန်း အသင့်အတင့် ထွက်ရှိကြောင်း၊ ယခင်နှစ်က အအေးဓာတ် လျော့ကျပြီး နှင်းကျမှု နည်းခြင်းကြောင့် ကုလားပဲအသီးနှုန်း လျော့ကျခြင်း၊ ဈေးရရှိမှုနည်းပါးခြင်းတို့ရှိခဲ့ပြီး ကုလားပဲ တစ်တင်း လျှင် ၂၅၀၀၀ကျပ်ဝန်းကျင်သာ ရရှိခဲ့ကြောင်း၊ ယခုနှစ် ဆောင်းသီးနှံ ကုလားပဲသည် သီးနှုန်းအသင့်အတင့် တင်ပြီးအောင်မြင် ဖြစ်ထွန်းခဲ့သလို ဈေးကွက်တွင် ကုလားပဲအဝါ (အသေး)တစ်တင်းလျှင် ၃၈၀၀၀ကျပ်၊ ကုလားပဲ အဝါ(အကြီး) တစ်တင်းလျှင် ၃၉၀၀၀ ကျပ်၊ ကုလားပဲ အဖြူ တစ်တင်းလျှင် ၄၁၀၀၀ကျပ် ရရှိ ကြောင်း ကုလားပဲစိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။
စိုးလင်းနိုင်(IPRD)