ပုဏ္ဏားကျွန်းမြို့၌ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ပုဏ္ဏားကျွန်း မတ် ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တဖက်ကမ်းရှိ  ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို  ဂေါပကအဖွဲ့မှကြီးမှူးပြီး၊  ယမန်နေ့နံနက် ၉ နာရီက ဗုဒ္ဓါဘိသေက ဘုရားအနေက ဇာတင်လှူပွဲ၊ သံဃဒါန ဆွမ်းကျွေးပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတို့ဖြင့် နှစ်စဉ် နှစ်တိုင်း အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဦးရာဇ်တော်ဘုရား၏ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်အေးက သာသနာရေးဆိုင်ရာကိစ္စရပ်တို့ကို ရှင်းလင်းတင်ပြပြီး၊ ပင့်ဖိတ်သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

ဗုဒ္ဓပူဇနိယဘုရားပွဲတော်အတွင်း  အနယ်နယ်အရပ်ရပ်တို့မှ ဘုရားဖူးခရီးသည်များဖြင့် အထူးစည်ကား လျက်ရှိပြီး၊ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဦးရာဇ်တော်ဓာတ် စေတီတော်မြတ်ကြီး ဘုရားရင်ပြင်တော်၌ ပုဏ္ဏားကျွန်းမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင် ဘုန်းတော်ကြီး ကျောင်းတိုက်များ အသီးသီးမှ ကြွရောက်တော်မူ လာသော ဆရာတော်သံဃာတော်၊ ရဟန်း၊ သာမဏေအပါး(၂၀၀)ခန့်နှင့် သာသနာ့နွယ်ဝင်သီလရှင် ၂၀ ကျော်တို့ကို စေတနာရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သဒ္ဒါတရား ထက်သန်စွာဖြင့် လောင်းလှူ ပေးကြသည်။

ဦးရာဇ်တော် ဓာတ်စေတီတော်မြတ်ကြီးသည် ပုဏ္ဏားကျွန်းမြို့၏ ကင်းချောင်းတစ်ဖက်ကမ်းရှိ ဦးရာဇ်တောင် (ခေါ်)သေလာပိဌိ ပဗ္ဗတတောင်ထိပ်၌ တည်ရှိသော  စေတီတော်တစ်ဆူဖြစ်သည်။

ဘုရားရှင်၏ ဗျာဒိတ်တော်အရ  တတိယ ဓညဝတီခေတ်၏  ခြောက်ဆက်မြောက်၊ ဓညဝတီပြည်ရှင် သူရိယစက္ကမင်းကြီးက သာသနာတော်သက္ကရာဇ် ၂၂၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁)ရက်နေ့က စတင်တည်ထားခဲ့ပြီး၊ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဗာကြီး၏သား ငါးဆက်မြောက် ဘုရင် မင်းဖလောင်းရာဇာက  ကောဇာသက္ကရာဇ် ၉၅၃ ခု၊  တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်၊(ခရစ်နှစ် ၁၅၉၁)ခုတွင် ယခင်စေတီငယ်အား ကျောက်ညို ကျောက်သားများ အတိဖြင့်  အမြင့်သံတောင်  ၁၀၀(၁၅၃ ပေ)၊  လုံးပတ်တော် မင်းလံ  ၈၀(၄၀၀ ပေ)ရှိ  သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်တစ်ဆူဖြစ်ကြောင်း ဘုရားသမိုင်း၏ အထောက်အထားအရ လေ့လာ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)