ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲစိုက်တောင်သူများ သီးနှံဖြစ်ထွန်းအောင်မြင်ပြီး ရောင်းချချိန်တွင် ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိ

ပေါက်ခေါင်း   မတ်   ၂၁

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမတ်ပဲ စိုက်တောင်သူများအနေဖြင့် ယခုနှစ်သီးနှံများ အောင်မြင် ဖြစ်ထွန်းပြီး မတ်ပဲပေါ်ချိန် ဈေးကွက်သို့ ရောင်းချရာတွင် ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိကြောင်း ဒေသခံမတ်ပဲ စိုက်တောင် သူများထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်း ဆောင်းသီးနှံမတ်ပဲ စိုက်တောင်သူများအနေဖြင့် နှစ်စဉ်နိုဝင်ဘာလ မိုးစပါးရိတ်သိမ်းပြီးစ မြေအစို ဓာတ်ရရှိချိန်တွင် စတင်ထွန်ယက်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် နှုတ်သိမ်းနိုင်ကြောင်းသိရသည်။

"မတ်လဆန်းကစပြီး မတ်ပဲနှုတ်တယ် ၃ ရက်လောက်နေလှန်းပြီး ချွေ့လှေ့စက်နဲ့ ချွေလှေ့ပါတယ်၊ ပြီးတော့ဈေးကွက်မှာ ရောင်းချတာပေါ့၊ ဈေးနှုန်းကတော့ ပဲတစ်တင်းကို (၄၅၀၀ဝိ/) ကျပ်ရပါတယ် ဈေးကောင်းရရှိချိန်မီတယ်ပေါ့၊ မနှစ်ကတော့ တစ်တင်းကိုဈေးအမြင့်ဆုံး (၂၈၀၀ဝိ/)ထိပဲ ရပါတယ် ဒီနှစ်တော့ ဈေးပိုရတယ်၊ လက်ရှိဈေးနှုန်းလောက် အတိုင်းဆို တောင်သူတွေ အနေနဲ့လည်း လုပ်ကိုင်ရတာ အဆင်ပြေပါတယ်" ဟု မတ်ပဲဈေးနှုန်းရရှိမှုအပေါ် တောင်သူတစ်ဦးက ပြောကြားသည်။

" စိုက်ပျိုးစရိတ် အနေနဲ့ကတော့ အခုမတ်ပဲနှုတ်ချိန်မှာ ပဲနှုတ်ခတစ်ယောက်စိုက်ကို ၁၃၀၀၀ ကျပ်နဲ့ ပဲချွေလှေ့ခတစ်တင်းကို ၂၀၀၀ ကျပ်ပေးရတယ်၊အပင်အားကောင်းဖို့နဲ့ အသီး အားကောင်းဖို့အတွက် အပင်အားဆေးနဲ့ အသီးအားဆေးတွေတော့ ဖျန်းပေးရတယ်၊ ဒီနှစ် တစ်ဧကကို  တင်း ၂၀ လောက်ထွက်ပါတယ်၊ ပဲမျိုးကတော့ ဒေသအခေါ်  ပဲကန်စွန်းမျိုးကို အဓိကစိုက်ပျိုးပြီးတော့  ခုနှစ် မတ်ပဲတင်း ၁၀၀ ကျော်ရရှိပါတယ်  " ဟု စောကဲကျေးရွာမတ်ပဲ စိုက်ပျိုးသည့် တောင်သူဦးမောင်လေးကပြောကြားသည်။

တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများတွင် မိုးစပါး၊ဆောင်းသီးနှံ ပဲ၊ပြောင်း၊နှမ်း၊နေကြာ သီးနှံများအပြင် မတ်ပဲသိမ်းပြီးချိန် စိုက်ပျိုးမြေများတွင် နွေစပါးသီးနှံကို ထပ်မံစိုက်ပျိုးရန်အတွက် စပါးပင်များကို ကြိုတင်ပျိုးထောင်ထားရှိကြောင်းနှင့် တစ်ရာသီ လျှင် သုံးသီးစားအထိ စိုက်ပျိုးလျက်ရှိကြောင်း ထပ်မံသိရှိရသည်။

သန်းထွန်းအောင်