ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များ ပေါ်နေပြီဖြစ်ရာ အငှားဆွတ်ခူးသူများနှင့် အငှားလိုက် ကောက်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်

ညောင်ဦး မတ် ၂၀

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များပေါ်နေပြီဖြစ်ရာ မန်ကျည်းသီးမှည့် အငှားဆွတ်ခူး(ပုတ်ခြင်း)သူများနှင့် မန်ကျည်းသီးမှည့် အငှားလိုက် ကောက်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ကုလားတဲကျေးရွာ  မန်ကျည်းသီး အငှားလိုက်ဆွတ်သည့် ဦးသန်းဆောင်က ပြောကြားသည်။

ညောင်ဦးမြို့နယ်တွင် မန်ကျည်းသီးမှည့်များ စတင်ဆွတ်ခူးရောင်းချနေပြီဖြစ်ရာ မန်ကျည်းသီး ဆွတ်ခူးရာတွင် နေ့တစ်ပိုင်း ငါးထောင်ကျပ်နှင့် တစ်နေကုန် ခုနှစ်ထောင်ကျပ်ပေးရပြီး၊ ဆွတ်ပြီးသား မန်ကျည်းသီးကောက်သမတစ်ဦး နေ့တဝက် သုံးထောင်ကျပ်နှင့် တစ်နေကုန် လေးထောင်ကျပ် ရရှိခြင်းကြောင့် နွေဦးပေါက်ရာသီ အလုပ်အကိုင်မရှိချိန် မန်ကျည်သီးမှည့်ပေါ်ချိန် မန်းကျည်းပင်ပိုင်ရှင်များက အငှားခေါ်ခြင်းကြောင့် မိသားစုဝင်ငွေ ရရှိနေကြောင်းလည်း သိရသည်။

မန်ကျည်းသီးမှည့်များအား ကျောက်ပန်းတောင်းမြို့ မန်ကျည်းပွဲရုံများသို့ သွားရောက် ရောင်းချခြင်း၊ ဒေသခံ မန်ကျည်းပွဲရုံများသို့ ရောင်းချခြင်းလျက်ရှိရာ မန်ကျည်းခွံနွှာပြီး အကြောနှင့် စေ့မထုတ်ရသေး မန်ကျည်းသီးမှည့် တစ်ပိသာ နှစ်ထောင်ကျပ်၊ အခွံ၊ အကြော၊ စေ့ထုတ်ပြီးသား မန်ကျည်းသီးမှည့်အသား တစ်ပိသာ သုံးထောင်ကျပ် ရောင်းချကြောင်း သိရသည်။

မန်ကျည်းသီး အကြောသင်၊ အစေ့ထုတ်ခ တစ်ပိသာ နှစ်ရာငါးဆယ်ကျပ်ပေးရကြောင်း (အရပ်အခေါ် မန်ကျည်းထုဟုခေါ်)၊ မန်ကျည်းထုရာတွင် အလုပ်သမားတစ်ဦး တစ်ရက် ဆယ့်ငါးပိသာမှ ဆယ့်ခုနှစ်ပိသာထိ မန်ကျည်းထုနိုင်ကြကြောင်းလည်း သိရသည်။

ထုပြီးသား မန်ကျည်းစေ့များကိုလည်း တစ်တင်း ငါးထောင်ကျပ် ရောင်းချရကြောင်း၊ အခွံ၊အကြော၊ အစေ့ထုတ်ပြီးသား မန်ကျည်းအသားဖတ်များကို အမိုးအကာ လုံခြုံသည့် နေရာများတွင် ဆေးလိပ်ပို၊ ပုပ်(တ်) ကတ္ထူပုံးများဖြင့် ထားရှိခြင်း၊ မန်ကျည်းလှောင်စင်များတွင် ထားရှိလှောင်ထားကြပြီး ဈေးကောင်းချိန် ပြန်လည် ရောင်းချကြကြောင်း သိရပြီး ညောင်ဦး မြို့နယ်ဘက်တွင် မန်ကျည်းသီးဆွတ်ခူးသူ တစ်ဦး တစ်နေကုန် ရှစ်ထောင်ကျပ်၊ မန်ကျည်းသီးမှည့် ကောက်သမ တစ်ဦးတစ်နေကုန် လေးထောင်ကျပ်၊ ကျောက်ပန်းတောင်း မြို့နယ်ဘက်တွင် မန်ကျည်းသီးမှည့်ပုတ်ချ တစ်နေကုန် တစ်သောင်းသုံးထောင်ကျပ်၊ မန်ကျည်းသီးမှည့်ကောက် သမတစ်ဦး တစ်နေကုန် ခုနှစ်ထောင်ကျပ်တို့ဖြင့် ဈေးနှုန်းကွာခြားမှု တို့ရှိကြောင်းလည်း သိရသည်။

မန်ကျည်းသီးမှည့်ချိန် မန်ကျည်းသီးမှည့် အဝယ်ပွဲစားများသည် ညောင်ဦးနယ်၊ ငါ့သရောက် နယ်ဘက်သို့  မန်ကျည်းသီးမှည့် ပင်ပြတ်ဝယ်ယူကာ (မန်ကျည်းတစ်သီးအတွက်) မန်ကျည်းဆွတ်ခူးသူ၊ မန်ကျည်းကောက်သူများအား မန်ကျည်းပွဲစားများက အပြတ်ငှားထားကြကြောင်းလည်း သိရကာ မန်ကျည်းမှည့်ဆွတ် အငှားလိုက်သူများ၊ အကောက်အငှားလိုက်သူများ မိသားစု ဝင်ငွေတွက်ခြေကိုက် နေကြကြောင်း ကျောက်ပန်းတောင်းမြို့ ဂွေးကုန်းကျေးရွာ ဦးသန်းနိုင်က ရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD