ပဲခူး မတ် ၂၀
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် ရုံးဌာနများနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးသတိရှိစေရေး အတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်မှု လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့သားဖွားသင်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမိုးဝင်းထွန်းက အသိပညာပေး ဟောပြောရာတွင် မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် မီးသတ်ဆေးအကြောင်း၊ မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဦးစီးဌာနမှ ရောက်မလာခင် ရုံး၊ဌာနများနှင့် နေအိမ်များသို့ ကူးစက်မှုမဖြစ်ပွားစေရေး အသိပညာပေးခြင်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မီးငြှိမ်းသတ်နည်း ဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြခြင်းကို ဆောင်ရွက်ရာ ပဲခူးမြို့ သားဖွားသင်တန်းကျောင်းမှ ဝန်ထမ်းများက ပူးပေါင်းပါဝင် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)