မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ

မောင်တော မတ် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် အမှတ်(၁၀) နယ်ခြားစောင့်ရဲတပ်ဖွဲ့(ခွဲ) ဒုတိယတပ်ရင်းမှူး ရဲမှူး ထိန်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား လှဖိုခေါင်ယာယီကြားစခန်း၊ မီးသတ်စခန်း တာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး အောင်သန်းဝင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျ အသုံးပြုစေရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘပြည်သူများအနေဖြင့် မိမိတို့ နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှု ရှိ မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်လိုင်းခန်းများတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ် ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများအား ရှေးဦးမီးသတ်ဆေးဘူး၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်းများအား ဆောင်ရွက်စေခဲ့ကြကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး