ကျောက်တော် မတ် ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးကျေးရွာ၌ မြိုနယ်စိုက်ပျိုး ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း ၍ ယနေ့နံနက် ၈ နာရီ ၃၀ မီနစ်အချိန်က အဆိုပါကျေးရွာတွင် ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအကာကွယ်ပေးရေးနှင့် ပိုးသတ်ဆေးများကို အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်စွာညွှန့်မှ တောင်သူပညာ ပေးဆွေးနွေးပွဲတွင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သန့်အောင်က ဒေါင်းတော်ယိုးကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် တောင်သူများအနေဖြင့်မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပိုးသတ်ဆေး သုံးစွဲရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေများ၊ ဆောင်းသီးနှံများ၊ ရာသီပေါ်အလိုက်စိုက်ပျိုးသော သီးနှံများအား အလေအလွင့်ပျက်စီးဆုံး ရှုံးမှုများမဖြစ် ပေါ်စေရေးအတွက် ပိုးသတ်ဆေးများအား အန္တရာယ်ကင်းစွာစနစ်တကျကိုင် တွယ်သုံးစွဲနိုင်စေရေးကိုရည်ရွယ်ကာ ယခုလဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေး တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထားသောသီးနှံများအား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချသည့်အခါမှာလည်း စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်မဖြစ်စေရေး တို့အတွက် အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာသော စိုက်ပျိုးရေးတောင်သူများမှ သိရှိလိုသောအကြောင်းအရာ များအား မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးမှူးနှင့် ကျေးရွာအုပ်စု(၃)အုပ်စုမှ စိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း