ပဲခူး မတ် ၁၉
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာ သေဆုံးမှု အတွက် ကျန်ရစ်သူခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို မတ်လ ၁၈ရက် နံနက် ၁၀နာရီက ပဲခူးတိုင်း ဒေသကြီးလူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းစိုးက ၂၀၂၁ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါကိစ္စရပ်များနှင့် အကျိုးခံစားခွင့်များ အကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တောင်ငူမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား ဌာနမှ အာမခံအလုပ်သမား ဦးဌေးဝင်း (7009.33.1.1.2352)၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရ သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၉၉၀၀၀၀၀/-အား ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးထံသို့ လည်းကောင်း၊ အာမခံအလုပ်သမား ဦးအာကာဆောင်း (7009.33.1.1.4101) လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရ သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၈၁၀၀၀၀၀/-အား ၎င်း၏ဇနီးဖြစ်သူ ဒေါ်နှင်းရီထံသို့လည်းကောင်း ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ကိုတွတ်(ပြန်/ဆက်)