ချောင်းဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ဖွင့်လှစ်သော မွေးမြူရေးသင်တန်းဆင်းပွဲကျင်းပ

ချောင်းဦး သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာနှင့် ဆူးလေကုန်းကျေးရွာ SMU ဘက်စုံ သုံးခန်းမများတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေး၊ ကျေးလက်နေပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရေးအတွက် ရည်ရွယ် ဖွင့်လှစ်သင်ကြားပေးနေသော မွေးမြူရေးသင်တန်းများ ယမန်နေ့ ညနေပိုင်းက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

ချောင်းဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါက်တာဒေါ်ဖူးပွင့်ကံ့ကော်ခင်နှင့် ဒေါက်တာ ဒေါ်ငြိမ်းသီတာထူးတို့မှ သင်ကြားပေးခဲ့ပြီး ဖွင့်ပွဲကို သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ကျေးရွာနှစ်ရွာလုံးတွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရွှေဒါးကျကျေးရွာ SMU ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတွေ အဆင်ပြေနိုင်စေဖို့ မြစိမ်းရောင်စီမံကိန်း၊ Cash For Work စီမံကိန်း၊ CERP အစီအစဉ် အခြေခံလူတန်းစား တွေကို ထောက်ပံ့ပေးနေတဲ့ အစီအစဉ် စသဖြင့် ဘက်စုံမှ စီစဉ်ပေးနေကြောင်း၊ တန်ဖိုးထားသောအနေဖြင့် တတ်အောင် သင်ကြားပြီး အကျိုးရှိ စွာ အသုံးချစေလိုကြောင်း ပြောကြားခဲ့သည်။

ရွှေဒါးကျကျေးရွာ SMU ဘက်စုံသုံးခန်းမတွင် ဝက်မွေးမြူရေးသင်တန်းသား ၂၀ ဦး၊ ကြက်မွေးမြူရေး သင်တန်းသား ၂၀ ဦးအား သင်တန်းချိန်နှစ်ချိန်ခွဲ၍ သြဂုတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ၃ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည်။ အလားတူ ဆူးလေကုန်းကျေးရွာ SMU ဘက်စုံသုံးခန်းမတွင် လည်း ကျွဲ၊ နွား မွေးမြူရေးသင်တန်းသား ၂၀ ဦး၊ ဆိတ်၊ သိုး မွေးမြူရေးသင်တန်းသား ၂၀ ဦးအား သင်တန်းချိန်နှစ်ချိန်ခွဲ၍ သင်ကြားပေးခဲ့ပြီး ယမန်နေ့ ညနေပိုင်း၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲတွင် သင်တန်းကာလ ရက်အတွက် နေ့တွက်စရိတ်ငွေနှင့် ကြက်လည်လိမ် ကာကွယ် ဆေးများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)