ကသာမြို့၌ ခရိုင်အတွင်းရှိ အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးပြုလုပ်

ကသာ ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အမျိုးသမီးကော်မတီအဖွဲ့မှ ခရိုင်အတွင်းရှိ အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု လျော့နည်းပပျောက်ရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက အမျိုးသမီးကော်မတီအစည်းအဝေးကို ကသာ ခရိုင် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီး ကော်မတီအတွင်းရေးမှူး ဒေါ်ခင်အေးမော်က ကသာခရိုင်အတွင်း အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြား ရာတွင် ကသာခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(ECCD)သင်တန်းကို ကသာ၊ အင်းတော်နှင့် ထီးချိုင့်မြို့နယ်များတွင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ခရိုင်အတွင်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ ဗဟုသုတပြည့်စုံလာပြီး အမျိုးသမီး များအား အကြမ်းဖက်မှုကို ကာကွယ်ရန်၊ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရန်၊ ရင်ခွင်မဲ့ ကလေးငယ် များ လျော့ချနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်နိုင်ရေး အစီအစဉ်များ ချမှတ်နိုင်ရေးအတွက် ခရိုင် အမျိုးသမီးကော်မတီအဖွဲ့ဝင် များ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်များက အမျိုး သမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လေ့ကျင့်သင်ကြား ပေးနိုင်ရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု လျော့နည်းပပျောက်ရေးတို့နှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)