ဆိပ်ဖြူမြို့နယ်တွင် ဝေါလ်ဗီရှင်း-မြန်မာက ဆောင်ရွက်ခဲ့သော လူထုအခြေပြုစီမံကိန်း လုပ်ငန်းများ အသိပေးတင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများအတည်ပြု ဆွေးနွေးခြင်း ဆောင်ရွက်

ဆိပ်ဖြူ  ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဝေါလ်ဗီရှင်းအင်တာနေရှင်နယ် မြန်မာ(ဆိပ်ဖြူမြို့နယ်ရုံး)က ဆောင်ရွက်လျက်ရှိသော လူထုအခြေပြု ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ အတည်ပြု ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသဲဖြူခန်းမတွင် ယနေ့ နံနက် ၁ဝနာရီက ပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာများမှ တာဝန်ခံများ ပူးပေါင်းပါဝင်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းလမ်းညွှန်အမှာစကားများ ပြောကြားပေးခဲ့ပြီး ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ချပြရှင်းလင်းသည်။

ထို့နောက်  ဝေါလ်ဗီရှင်းအင်တာနေရှင်နယ် မြန်မာစီမံကိန်း (ဆိပ်ဖြူမြို့နယ်ရုံး)မှ ဒေသဖွံ့ဖြိုးရေးအရာရှိ ဦးဇော်မင်းထိုက်က ၂၀၂ဝခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖြိုးရေးလုပ်ငန်းများ ကိုရှင်းလင်း ပြောကြားပြီး ဝေါလ်ဗီရှင်းအင်တာနေရှင်နယ် မြန်မာစီမံကိန်း (ဆိပ်ဖြူမြို့နယ်ရုံး) ဒေသဖွံ့ဖြိုးရေး တာဝန်ခံဒေါ်မူယာမျိုးတင့်က ရပ်ကွက်ကျေးရွာများ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲရခြင်း ရည်ရွယ်ချက် စီမံကိန်းရေးဆွဲခြင်း ကာလတွင် တွေ့ရှိခဲ့ရသည့် ကလေးသူငယ် ကာကွယ စောင့်ရှောက်ရေးနှင့် ပတ်သက်သော ကလေးများတွေ့ကြုံနေသော အခက်အခဲများတင်ပြဆွေးနွေးပြီး ဒေသဖွံ့ဖြိုးရေးအတွက် လူထု၏ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို ရှင်လင်းတင်ပြသည်။

 ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ပုဂ္ဂိုလ်အသီးသီးက ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေး အကြံပြုတင်ပြကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပခုက္ကူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဝေါလ်ဗီရှင်းအင်တာနေရှင်နယ်မြန်မာ (ဆိပ်ဖြူမြို့နယ်ရုံး)မှ ဒေသဖွံ့ဖြိုးရေး တာဝန်ခံ နှင့်ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသဖွံ့ဖြိုးရေးစီမံကိန်းဝင် ရပ်ကွက်/ကျေးရွာများမှ တာဝန်ခံများ တက်ရောက်ခဲ့သည်။

 ကိုဇွဲ(အညာမြေ)