စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့တွင် Covid-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပေးနှိုးဆော်

ကန့်ဘလူ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့် လူစည်ကားရာ နေရာများတွင် ပိုစတာ များကပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ထို့သို Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်ရာတွင် အိမ်အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ရေး၊ လူစုလူဝေးနေရာများကို ရှောင်ရန်နှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာတွင် နေထိုင် ရေး၊ တတ်နိုင်သမျှ မိမိအိမ်တွင် နေထိုင်ရေး၊ အိမ်အပြင်ထွက်ရမည်ဆိုပါကလည်း မိသားစုဝင်တစ်ဦးတည်းသာ အပြင် ထွက်ရန်၊ လက်ကိုဆပ်ပြာနှင့်ရေကိုအသုံးပြု၍ စက္ကန့် ၂၀ ခန့် စနစ်တကျ ဆေးကြောရေး စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း​ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)