ဘိုကလေးမြို့နယ် ထွေ/အုပ် ဝန်ထမ်းများမှ နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှ

ဘိုကလေး  ဩဂုတ် ၂၆

ကိုဗစ်-၁၉ကူးစက်ရောဂါ ပြန့်ပွားမှုသည် နေ့စဉ်နှင့်အမျှ မြင့်မားလျက်ရှိရာ ရောဂါပြန့်ပွားမှု တားဆီးကာကွယ် နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် နာရီခွဲ အချိန်တွင် ဘိုကလေးမြို့၏ လူစည်ကားရာ အရပ်ဖြစ်သော အောက်ပိုင်း ဘောလုံးကွင်းဒေါင့်တွင် သွားလာလှုပ်ရှားကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေကြပြီး နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်ကြသည်။

နှာခေါင်းစည်း(Mask)များ ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရဲလင်းထက် ဦးဆောင်သည့် ထွေ/အုပ်ဝန်ထမ်းများနှင့်အတူ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကြကြောင်းနှင့် ပြည်သူတစ်ဦးမှလည်း "ကိုဗစ်-၁၉ရောဂါက နေ့စဉ်နှင့်အမျှ ကူးစက်ပြန့်ပွား နေတဲ့အတွက် ကျွန်တော်တို့ ဘိုကလေးမြို့အတွက်လည်း စိုးရိမ်နေရပါတယ်၊ ယခင်ကလို မြို့ဝင်/ထွက်ဂိတ်တွေ ပြန်ထားပြီး သွားလာလုပ်ရှားမှုတွေကို စနစ်တကျ ကျန်းမာရေး စစ်ဆေးမှုတွေ၊ ပြည်သူတွေကိုလည်း နှာခေါင်းတပ်ဆင် သွားလာစေရး စည်းကမ်း ကြပ်မတ်မှုတွေနဲ့ ကျွန်တော်တို့ ဘိုကလေးမြို့ကို ရောဂါပိုးကူးစက် ဝင်ရောက်မလာအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အလေးထား ဆောင်ရွက် ပေးစေချင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာသို့ စစ်တွေမြို့မှတစ်ဆင့် အတည်ပြုလူနာအမှတ်စဉ်(၃၇၈)နှင့်အတူ ယာဉ်အတူ စီးခဲ့သူအား ဩဂုတ်(၁၉)ရက်နေ့တွင် ကဒုံကနိဆိုက်ကလုန်းရှယ်တာတွင် အသွားအလာ ကန့်သတ်ထားရှိပြီး ပထမအကြိမ်နှာခေါင်း၊ အာခေါင်တို့ဖတ် တို့အား ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်း မရှိကြောင်းနှင့် သေချာသည့် အဖြေရရှိရေးအတွက် ၎င်း၏ နှာခေါင်း၊ အာခေါင် တို့ဖတ်တို့အား ဓာတ်ခွဲစမ်းသတ်နိုင်ရေး ဒုတိယအကြိမ်အဖြစ် ဩဂုတ်(၂၇)တွင် သက်ဆိုင်ရာ ဌာနသို့ ပို့ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)