ရွှေကူမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းများ ဆောင်ရွက်

ရွှေကူ  ဩဂုတ်  ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပေါ်စေရေးအတွက် ဝက်မွေးမြူ သူများနှင့် ဝက်ကုန်သည်များ၊ လိုင်စင်စီများ လိုက်နာဆောင်ရွက်ရမည့် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းများကို ယနေ့နံနက် ၉ နာရီတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့မစျေးနှင့် အမှတ် (၂) စျေးအနီးတို့၌ စိုက်ထူ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်နိုင်ရန်အတွက် ဝက်မွေးမြူ သူများမှ စနစ်တကျ ခြံလှောင်မွေးမြူရန်၊ ပြင်ပမှ ယာဉ်/လူ/ပစ္စည်း အဝင်အထွက်အား ကန့်သတ် ထိန်းချုပ်ရန်၊ ခြံအဝင်ဝတွင် ပိုးသတ်ကန်ထားရှိ၍ ဖိနပ်များ လဲလှယ်အသုံးပြုရန်၊ စားသောက်ဆိုင်မှ ဝက်သားပါသော စားကြွင်းစားကျန်များ မကျွေးရန်၊ နာမကျန်းဝက်များအား ဝက်ကုန်သည်များ/ လိုင်စင်စီများထံ ရောင်းချခြင်းမပြုရန်၊ ဝက်များကို ပုံမှန်အသုံးပြုနေကျ ကာကွယ်ဆေးများ ထိုးနှံရမည့်အပြင် Porcine  Circovirus  Type-2 ရောဂါ ကာကွယ်ဆေးများ ထိုးနှံရန်နှင့် ဝက်ကုန်သည်/ လိုင်စင်စီများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဖော်ပြပါရှိကြောင်း သိရသည်။

ရွှေကူမြို့နယ် အတွင်းရှိ ပြည်သူများမှ အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာဆန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့မှ အသိပညာပေး မြေစိုက်ပိုစတာများကို စိုက်ထူဆောင်ရွက် ရခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)