ဘိုကလေး ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်(၉)နာရီတွင်ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာ၊ စံပြစပါး စိုက်ခင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးကိုကိုလွင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးစိုးမြိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြပြီး ငါးရိက္ခာဖူလုံစေရေး၊ ငါးစဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးအတွက် ငါးသယံဇာတ ထိန်းသိမ်းသည့် အနေဖြင့် ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း၊ စံပြစပါးခင်း အတွင်း ငါးခုံမကြီးသားပေါက် အကောင်ရေ (၁၀၀,၀၀၀)နှင့် ငါးမြစ်ချင်းသားပေါက် အကောင်ရေ (၅၀၀၀၀) စိုက်ထည့်ကြကြောင်း၊ ဩဂုတ်(၁၃)ရက်နေ့တွင်လည်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဘိုကလေးမြစ်-ရန်ကုန်မြစ်-မော်ကျွန်းမြစ်တို့ဆုံရာ သုံးဂွဆိုင်တွင် ငါးသားပေါက်အကောင်ရေ (၆၈,၀၀၀) စိုက်ထည့်ခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)