တောင်ငူ၌ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

တောင်ငူ သြဂုတ် ၂၅

တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်သည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲ၌ ကိုဗစ်-၁၉ ရောဂါအား တောင်ငူမြို့နယ်အတွင်း ကာကွယ်ထိန်းချုပ် လုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်ကြရန်၊ ပြည်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်အသုံးပြု သွားလာမှာရှိစေရန်၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြုဆိုင်ရာ ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန်အတွက် ရောင်းချဆိုင်များ ၊ စျေးဝယ်စင်တာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြရန်၊ ညမထွက်ရ အမိန့်အား ပြန်လည်ဖော်ဆောင်ရန် ၊ ညကင်းလှည့်ချိန်၌ ခိုးဝင်လာသူများနှင့် အမိန့်မနာခံ သူများအား  စစ်ဆေးဆောင်ရွက်ရန် ၊ စျေး၊ ကျောင်းနှင့် စားသောက်ဆိုင်နေရာများသို့ စစ်ဆေးရေး အဖွဲ့ များက ကွင်းဆင်းစစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်ထားရမည့် အချက်များနှင့် ကိုက်ညီမှု ရှိစေရေး အတွက် အလေးထား ဆောင်ရွက်ကြရန်၊ မိမိရပ်ကွက်အတွင်း ရခိုင်ပြည်နယ်မှ ပြန်လည်ဝင်ရောက်လာသည့် သူများ အား ရှာဖွေဖော်ထုတ်ကာ သတင်းပေးပို့ရန်၊ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများမှ ခရီးသည်များ ဂိတ်ဆုံးထိ လိုက်ပါစီးနင်း၍ ခရီးသွား ရာဇဝင် မှတ်တမ်းရယူရန်၊ ကျန်းမာရေးဌာနညွှန်ကြားချက်များအတိုင်းနေထိုင်ရေး ပြည်သူများထံ၊ ထပ်မံသတင်းဖြန့်ဝေရန်၊ တောင်ငူ မြို့နယ် အတွင်း ကိုဗစ် -၁၉ ကင်းစင်သည့် နယ်မြေဖြစ်ပေါ်စေရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေရန် အသီးသီး ဆွေးနွေး ခဲ့ကြသည်။

ယင်းညှိနှိုင်း ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ဇော်ထက် (တောင်ငူ)