ပွင့်ဖြူမြို့နယ်၌ COVID – 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ  ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးလှုပ်ရှားမှုကို ဩဂုတ် ၂၅ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့အဝင် ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ COVID – 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်သွားလာရာ၌ နှာခေါင်းစည်းများ တပ်ဆင် သွားလာ ရန် ကြပ်မတ်စစ်ဆေးခြင်းကို မြို့နယ် COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူ - စလင်း - မင်းဘူးသွားကားလမ်း မြို့နယ် ထွေ/အုပ်ရုံးအနီးတွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာသည့် မော်တော်ဆိုင်ကယ်များ ၊ သုံးဘီးဆိုင်ကယ်များ ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ အား ရပ်တန့်စစ်ဆေးပြီး မြို့နယ်အတွင်း COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန် ၊ မလိုအပ်ဘဲ အပြင်သွား လာခြင်းများ မပြုလုပ် ကြရန်နှင့် လူတစ်ဦးနှင့် တစ်ဦး အနည်းဆုံး (၆)ပေအကွာ နေထိုင်သွားကြရန် အသိပညာပေး ဆွေးနွေး ဟောပြောကာ နှာခေါင်းစည်းမပါဘဲ အပြင်သွားလာသူများကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြို့နယ်အတွင်း COVID – 19 ရောဂါ မဖြစ်ပွားစေရေးအတွက် နှာခေါင်းစည်းများ တပ်ဆင် သွားလာရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းကို ယနေ့မှ စတင်ကာ နံနက်(၁)ကြိမ် ၊ ညနေ (၁)ကြိမ် ဩဂုတ် ၃၁ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် COVID – 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )