မင်းဘူး ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး (တိုင်းအုပ်ချုပ်ရေးမှူး) ဦးဝေဇင်ထွန်းက ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး (တိုင်းအုပ် ချုပ်ရေးမှူး) ဦးဝေဇင်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး(တိုင်းအုပ်ချုပ်ရေးမှူး) ဦးဝေဇင်ထွန်းက ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ မဲပေးခွင့် ရရှိနိုင်ရေး၊ ပထမအကြိမ်မဲစာရင်းကြေညာရာမှာ အချက်အလက်မှားယွင်းမှုများကို အချိန်မီပြင်ဆင်ဖြည့်စွက် ဆောင်ရွက် သွားရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက မြေပြင်ရှိအမှန် တကယ်လုပ်ဆောင်ရာတွင် လိုအပ်ချက်ရှိသော အခက်အခဲများကို တင်ပြ ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်မှ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်း (၅)သိန်း (၇)သောင်း ကျော်ရှိ ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)