အရာတော် ဩဂုတ် ၂၅
အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး လုပ်ငန်းအဖြစ် သဘာဝ စွန့်ပစ် အမှိုက်များအသုံးပြု၍ သဘာ ဝမြေဩဇာ( EM ဘိုကာရှီ မြေဩဇာ) လက်တွေ့ပြုလုပ် ပြသခြင်း ကို ယမန်နေ့က ဝါးတန်းကျေးရွာနှင့် ဇရစ် ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတို့တွင် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ သဘာဝမြေဩဇာပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်မှရရှိသည့် ကောက်ရိုး၊ သစ်ရွက် ဆွေး၊ နွားချေး စသည်တို့ကိုအသုံးပြုနိုင်ပြီး အရိပ်ရသည့်နေရာတွင် အလျား ၆ ပေ၊အနံ ၄ ပေ၊ အမြင့် ၃ပေထိ ရအောင် ကောက်ရိုး၊ သစ်ရွက်ဆွေး၊ စပါးခွံတို့ကို ပထမနေရာ(အောက်ခြေတွင်) ၆ လက်မအမြင့်နှင့် ဒုတိယနေရာတွင် နွားချေး၊ ကြက်ချေးတို့ ရောလျက် ၂ လက်မအမြင့် ထားကာ(EM)ဆေးရည်ဖြန်းပေးရပြီး ဆွေးမြေ့ချိန်တွင် အာဟာရဓါတ်ပြည့်ဝသော မြေဆွေးကို ရရှိ အသုံးပြုနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်၏ ပြောကြားချက်အရ သိရသည်။
တောင်သူများအနေဖြင့် သဘာဝမြေဩဇာကို ပြုလုပ်သုံးစွဲခြင်းကြောင့် သွင်းအားစုအဖြစ် မြေဆီဝယ်ယူ အသုံးပြုမှုကို လျှော့ချနိုင်သည့်အတွက် ကုန်ကျစရိတ်သက်သာခြင်း၊ အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် GAP စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေသည့်အတွက် လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သူရ(ပြန်/ဆက်)