မကွေးတိုင်းဒေသကြီး၊ ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုများမရှိစေရေး အသံချဲ့ စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်

ဆော သြဂုတ် ၂၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားဖြစ်ပွားမှုများ မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောမြို့နယ်အတွင်း နေထိုင်ကြသော မိဘ ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask)များ မဖြစ်မနေတပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံးပူးပေါင်းပါဝင်ကြရန် အသံချဲ့စက် ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)