ပုသိမ်မြို့နယ်တွင် မိုးစပါး ရေကြီးနစ်မြုပ်သည့် တောင်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ပုသိမ်   သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း မိုးစပါး ရေကြီးနစ်မြုပ်မှုကြောင့်စိုက် ဧကများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးကျော်သူရ က ၂၀၁၉ ခုနှစ် မိုးစပါးရာသီတွင် ရေကြီးနစ်မြုပ်မှုကြောင့် တောင်တန်းကုန်းကျေးရွာအုပ်စုတွင် တောင်သူ ၂၇ ဦး စိုက်ပျိုးထားသော မိုးစပါးစိုက်ဧက ၉၈ ဧက ရေကြီး နစ်မြုပ်၍ ပျက်စီးမှုအပေါ် မျိုးစပါးဖိုးထောက်ပံငွေ တစ်ဧကလျှင်ကျပ်တစ်သောင်းနှုန်းဖြင့် ကိုးသိန်းရှစ်သောင်း (၉၈၀,၀၀ဝိ/-)ကျပ်ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေးအတွက် တိုင်း/ ခရိုင်/ မြို့နယ်/ကျေးရွာအုပ်စု ထောက်ပံ့ပေးအပ်ရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်း၍ ထောက်ပံ့ငွေများ အချိန်မီပေးအပ်နိုင်ရေး စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ကော်မတီအဆင့်အလိုက် ထောက်ပံ့ငွေများကို စနစ်တကျ တောင်သူ လက်ဝယ်သို့ ပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူများသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)