ပဲခူး ဩဂုတ် ၂၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ တတိယ အကြိမ် "တိုင်းရင်းသားအခွင့်အရေး များဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်"ကို ယမန်နေ့ နံနက် (၉)နာရီက ရေတာရှည်မြို့နယ်၊ ဆီမီးကံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းခဲ့သည်။
အခမ်းအနား ပထမပိုင်းတွင် ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသော်၊ ဦးစီးအရာရှိများဖြစ်သည့် ဦးကောင်းခန့်ကျော်နှင့် ဒေါ်ဆုသီရိအေးတိုက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်း၊ လူမျိုးပြုန်းတီးစေမှုကို တားဆီး ရေးနှင့် ပြစ်ဒဏ်ပေးရေးနိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ နှင့်ပတ်သက်၍ အုပ်စုခွဲ၍ အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ တောင်ငူမြို့နယ် အိမ်တွင်းမှုအသက်မွေးဝမ်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ကြီး ဒေါ်ဌေးဌေးမြင့်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ ရှေးဦး ကလေးသူငယ်၊ လူငယ်ရေးရာမူဝါဒတို့နှင့် ပတ်သက်သည့် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းတွင် တိုင်းရင်းသား(၆၀)ဦးတို့အား ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများကို အုပ်စုခွဲ၍ ကောက်ယူပြီး တက်ရောက်လာသည့် တိုင်းရင်းသားများအား ဌာနမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာများကို တိုင်းရင်းသားလူမျိုးများ သိရှိ နားလည်နိုင်စေရန်၊ တိုင်းရင်းသားဒေသများ၏ ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံ နိုင်ရန် အဓိကရည်ရွယ်၍ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း (၆)ကြိမ် ကျင်းပ ပြုလုပ်ရန် လျာထားချက်အရ ယခုအခါ တတိယ အကြိမ် အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)